Saturday, March 4, 2017

လွမ်းမောဖွယ် ပုဂံရာဇဝင်တွေထဲက ရှမ်းမင်းသမီးစောမွန်လှ

မိဖုရားစောမွန်လှကို မောရှမ်း ကိုးပြည်ထောင် ကို အစိုးရတဲ့ ရှမ်းဘုရင်ကြီးစဝ်စေဟုံဖနဲ့ မိဖုရား အဂ္ဂမဟေသီဒေဝီတို့ကနေ သက္ကရာဇ် ၃၉၅မှာ သမီးတော်လေး စောမွန်လှကို မွေးဖွားခဲ့ပါတယ်။ အင်မတန် ချောမောလှပ စိတ်ထားကောင်းကာ ဘာသာတရား ကိုင်းရှိုင်းသူဖြစ်ပြီး သာသနာပြုဖို့အတွက် စေတီပုထိုးများကို သဒ္ဓါတရားထက်သန်စွာ ဆောက်လုပ်လှူဒန်းခဲ့သူ အဖြစ်ရာဇဝင်မှာ ထင်ရှားခဲ့ပါတယ်။ စောမွန်လှရဲ့ မွေးရပ်ဌာနေဟာ မောရှမ်းတို့ရဲ့ဒေသတောင်တန်းမြေက စယ်လန့်ရွာကလေး ဖြစ်ပါတယ်။ စယ်လန့်ရွာလေးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နဲ့ နမ်းခမ့်မြို့အကြားမှာ တည်ရှိပါတယ်။
သက္ကရာဇ်၄၁၈ခုနှစ်ရောက်တဲ့အခါ ပုဂံနေပြည်တော်ကို စိုးစံတော်မူတဲ့ အနော်ရထာမင်းကြီးဟာ ဥတည်ဘွားမင်း စိုးစံနေတဲ့ ဂန္ဓလရာဇ (ဂန္ဓလရာဇ်) ခေါ် တရုတ်ပြည်ကို သွားရောက်ပြီး မြတ်စွာဘုရားရဲ့ စွယ်တော်အစစ်ဖြစ်သော ဗုဒ္ဓမြတ်စွယ်တော်ကို ဖူးမျှော်ပါတယ်။ တရုတ်မင်း ဥတည်ဘွားက လက်ဆောင်ပေးလိုက်တဲ့ မြဘုရားတစ်ဆူကို ပင့်ဆောင်ပြီး တရုတ်ပြည်က အပြန်မှာ စယ်လန့်နန်းတော်နဲ့ မဝေးလှတဲ့ ရွှေလီမြစ်ကမ်းက ဟိုလောင်းရွာကလေးမှာ စခန်းချ နားနေတဲ့ အနော်ရထာ မင်းကြီး ကို ရှမ်းဘုရင်ကြီးက လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး လက်ဆောင်အဖြစ် သမီးတော်စောမွန်လှကို ပဏ္ဏာဆက်သခဲ့ပါတယ်။ အနော်ရထာမင်းကြီး ပုဂံပြည်ပြန်အကြွမှာတော့ စောမွန်လှ မင်းသမီးလေးကို စုလျားရစ်ပတ် ထိမ်းမြှား မင်္ဂလာပြုပြီး ရွှေနန်းတော်ကြီးဆီ ခေါ်ဆောင်သွားပါတော့တယ်။ စောမွန်လှမင်းသမီးလေးဟာ ရှမ်းနိုင်ငံမှာ နေထိုင်ခဲ့စဉ်ကတည်းက ဗုဒ္ဓဘာသာကို နှစ်သက်ကြည်ဖြူစွာ ကိုးကွယ်ယုံကြည်ခဲ့သူဖြစ်ပြီး မြတ်စွာဘုရားရဲ့ ဓာတ်တော်များကိုပင် သူမရဲ့ နားတောင်းအတွင်းမှာ ဌာပနာပြီး ကိုးကွယ်ပူဇော်ထားခဲ့ပါတယ်။ ဗုဒ္ဓဘာသာကို အလွန် ကြည်ညိုကိုးကွယ်တဲ့ မင်းသမီးဟာ ပုဂံနေပြည်တော်ကို ရောက်ရှိစဉ်မှာလည်း ပုဂံပြည်ကြီးကို ဗုဒ္ဓသာသနာ စတင်ပြန့်ပွားအောင် ဆောင်ရွက်တော်မူခဲ့တဲ့ ရဟန်းတော် ရှင်အရဟံနှင့် အစရှိသော သံဃာတို့ကို ဆွမ်းကွမ်းမပြတ်အောင် သူကိုယ်တိုင်ဦးစီးကာ နန်းတော်တွင်းမှာ ချက်ပြုတ် လှူဒါန်းပါတော့တယ်။ သံဃာတော်များရဲ့ တရားတော်ကိုလည်း အမြဲတမ်း နာယူလေ့ရှိပြီး သူမကိုယ်တိုင်လည်း တရားဓမ္မတို့ကို နေ့စဉ် ရွတ်ဆိုပူဇော်ကာ နန်းတွင်းသူ နန်းတွင်းသားများကိုပါ ဗုဒ္ဓဘာသာကို နက်နက်နဲနဲ ကိုးကွယ်တတ်လာစေရန် တိုက်တွန်း အားပေးခဲ့တယ်လို့ သိရပါတယ်။ အနော်ရထာမင်းကြီးမှာ မိဖုရား၊ မောင်းမိဿံ အခြွေအရံပေါများလှပေမဲ့ စိတ်နှလုံး ဖြူစင်ပြီး ဘာသာရေးကိုလည်း အလေးအနက် ကိုးကွယ်ဆောင်ရွက်နေတဲ့ တောင်တန်းဌာနေသူ ရှမ်းမင်းသမီးလေး စောမွန်လှကို တစ်နေ့ထက်တစ်နေ့ အချစ်ပိုပြီး အများနဲ့မတူ မြတ်နိုးသဒ္ဓါ ထူးခြားစွာ ချစ်ခဲ့တယ်လို့ ဆိုပါတယ်။ ရွှေစည်းခုံစေတီတော်ကြီး တည်ထားရာသို့ပင် မိဖုရားစောမွန်လှကိုသာ မင်းကြီးအနော်ရထာက ခေါ်ဆောင်သွားလေ့ ရှိခဲ့ပါတယ်။ သို့သော်လည်း ရှုပ်ထွေးလှတဲ့ နန်းတွင်းရေးရာများကြားမှာ မင်းသမီးလေးစောမွန်လှ ကံမကောင်းခဲ့ရှာပါဘူး ။မင်းတရား အနော်ရထာရဲ့ ချစ်ခင်လေးမြတ်ခြင်းကို ပြိုင်ဘက်ကင်းစွာ ရရှိခဲ့ပေမဲ့ မိဖုရားခေါင်ကြီး သီရိမာလာဒေဝီ နဲ့ မိဖုရားကြီးရဲ့ အမှုထမ်းများ နန်းတွင်းသူအချို့ဟာ စောမွန်လှမင်းသမီးလေးအပေါ် မင်းတရားကြီးရဲ့ ချစ်ခင်မြတ်နိုးခြင်း၊ အစစ ဦးစားပေးခြင်း၊ အလေးအနက် ထားခြင်းတို့အပေါ် မလိုမုန်းတီးကာ အငြိုးထားခဲ့ပါတယ်။ မင်းသမီးလေးစောမွန်လှအပေါ် မကျေနပ် မနာလိုတဲ့ အမုန်းမီးတောက်တွေ လောင်မြိုက်နေတဲ့ မိဖုရားခေါင်ကြီးက နန်းတွင်းသူ၊ နန်းတွင်းအရာထမ်းများကို သူ့ဖက်ပါအောင် သိမ်းသွင်းပြီး စောမွန်လှကို အရှက်တကွဲဖြစ်အောင် အမျိုးမျိုး ကြံဆောင်ကြပါတော့တယ်။ မင်းသမီးစောမွန်လှက မိဖုရားခေါင်ကြီးနဲ့ ထိပ်တိုက်မတွေ့ရလေအောင် ဘယ်လိုပင်ရှောင်ပေမဲ့ အငြိုးကြီးတဲ့ မိဖုရားကြီးက နည်းမျိုးစုံနဲ့ စောမွန်လှ နာမည်ပျက် အရှက်ရအောင် လုပ်တော့တာပါဘဲ။ ကိုယ်တိုင်ထိခိုက်စော်ကားလို့ အားမရဘဲ မင်းတရား အနော်ရထာထံ ဝင်ရောက်ခစားပြီး ရှမ်းမင်းသမီးလေး စောမွန်လှဟာ ၁၂ကြိုး ကဝေ စုန်းအတတ်ကို တတ်မြောက်သူ စုံးမဖြစ်တဲ့အကြောင်း ဂုံးတိုက်လျှောက်ထားပေမယ့် မင်းသမီးလေး စောမွန်လှကို ချစ်ခင်မြတ်နိုးပြီး ယုံကြည်ကိုးစားတဲ့ မင်းကြီးဟာ မိဖုရားခေါင်ကြီးနဲ့ အဖွဲ့ရဲ့ ဂုံးတိုက်စကားကို ဘယ်လိုမှ မယုံကြည်ခဲ့ပါဘူး။ သို့သော်လည်း တစ်ညမှတော့ ဆီမီးအလင်းရောင်များ ငြိမ်းနေပေမဲ့ မင်းသမီးလေး စောမွန်လှအခန်းမှာတော့ တလက်လက်နဲ့ တောက်ပနေတဲ့ အရောင်များထွက်နေတာကို မင်းကြီးကိုယ်တိုင် တွေ့မြင်နိုင်အောင် မိဖုရားကြီးအဖွဲ့က တိုးတိုးတိတ်တိတ် ခေါ်ပြပါတော့တယ်။ ဘုရင် အနော်ရထာက နောက်တစ်နေ့မှာတော့ မင်းသမီးလေးကို ညသန်းကောင် မီးရောင်တစ်လက်လက် ဖြစ်ရတဲ့ကိစ္စ မေးမြန်းပါတော့တယ်။ တကယ်တမ်းတော့ စောမွန်လှရဲ့ အခန်းထဲကေ

တာက်ပနေတဲ့အရောင်များဟာ မင်းသမီး ဘုရားရှိခိုးချိန်မှာ နားတောင်းအတွင်းမှ ဌာပနာထားတဲ့ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော်များမှ ရောင်ခြည်တော် ကွန့်မြူးတာ ဖြစ်ပါတယ်။ အဲဒီအကြောင်းကိုလည်း မင်းသမီးစောမွန်လှက မြတ်စွာဘုရားနဲ့ ရဟန်းသံဃာ၊ ရတနာ သုံးပါးကလွဲလို့ အခြားဘယ်လို ကိုးကွယ်မှုမျိုးကိုမှ မယုံကြည် မကိုးကွယ် လက်မခံခဲ့ကြောင်း မင်းတရားကို အခိုင်အမာ ရှင်းပြခဲ့ပြီးနောက် ချစ်သူမျက်နှာ တစ်ရွာမှတ်ကာ နောက်တော်ပါးသို့ လိုက်ပါခစားခဲ့ပေမဲ့ ကံတရားက ဖန်လာတာကြောင့် ပြည်တော်ကို ပြန်ချိန်ကျပြီလို့ ဆုံးဖြတ်မိတဲ့ စောမွန်လှမင်းသမီးဟာ
``နန်းတော်ကနေ ထွက်ခွာခွင့်ပြုပါ၊ သူမ မရှိခဲ့ရင် နန်းတော်တွင်းမှာ ပိုပြီးငြိမ်းချမ်းပါလိမ့်မယ်။ မွေးရပ်ဌာနေ မောရှမ်းမြေကို ပြန်ပါရစေ”လို့ အနော်ရထာ မင်းကြီးထံ ခွင့်တောင်း အသနားခံခဲ့ပါတယ်။ မင်းတရားကြီးခွင့်ပြုချက်ကိုယူပြီး စောမွန်လှမင်းသမီးလေးဟာ မောင်တော်မင်းတရားအနော်ရထာကို နောက်ဆုံးဖူးမျှော်ခြင်းနဲ့ ဦးတိုက်ရှိခိုးကာ နှုတ်ဆက်ပါတယ်။ ရွှေနန်းတော်ကြီးကနေ လှမ်းမြင်နေရတဲ့ မပြီးသေးသော ရွှေစည်းခုံစေတီကြီးကိုလည်း မျှော်ရည်မှန်းဆကာ ဦးချလိုက်ပါသေးတယ်။ ပြီးတော့မှ ပုဂံနန်းတော်ကြီးနဲ့ မင်းတရားအနော်ရထာကို မျက်ရည်ဝေသီ ဆို့နင့်ကြေကွဲစွာ နှုတ်ဆက်လို့ စိတ်နှလုံး ညိုးချုံးနွမ်းနယ်စွာနဲ့ ရွှေနန်းတော်ကနေ သန်မြန်စွာဆင်ကြီးကိုစီးကာ ထွက်ခွာခဲ့ပါတော့တယ်။ မင်းသမီးစောမွန်လှဟာ ပုဂံနေပြည်တော်မှ ရှမ်းတောင်တန်းများဆီ ပြန်အလာ လမ်းတစ်လျှောက်မှာ စေတီပုထိုးတို့ကို တည်ထားခဲ့သူလည်း ဖြစ်ပါတယ်။မင်းသမီးလေး စောမွန်လှသည် ပုဂံပြည်မှထွက်ခွာလာပြီး ယခု မန္တလေး အရှေ့တောင်ဘက်ဆီသို့ ရောက်သောအခါ အရိပ်အာဝါသ ကောင်းသော စမ်းချောင်းငယ် တခုနားအရောက်တွင် ခတ္တအနားယူ အိပ်မောကျရာမှ နိုးထလာရာ စမ်းချောင်း၌ မျက်နာသစ်နေစဉ် စမ်းချောင်းငယ်ထဲမှာ လိုးလိုးလက်လက် အရောင်များ ထွက်ရှိနေသည် တွေ့ရှိ၍ သေခြာစွာငုံကြည့် လိုက်စဉ် စမ်းထဲ၌ မဟုတ်ပဲ မိမိဦးခေါင်းပေါ် ကောင်းကင်ထက်တွင် စာပတီး ငှက်များ ခြံရံလျှက် လင်းလက်နေသော နားတောင်းကို တွေ့မြင်ရလေသည်။ မင်းသမီးလေးသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ တယောက် ဖြစ်သည့်အလျှောက် ထိုနားတောင်း တဖက်နှင့် ဓါတ်တော်တို့ကို ဋ္ဌာပနာ၍ ငါးတောင်မြင့် ရှိသော စေတီငယ် တစ်ဆူကို တည်လေသည်။ ဘုရားမုတ်ဝ ကိုလည်း အရှေ့မောသျှမ်းပြည် ဖက်သို့ လှည့်ထားလေသည်။ ထိုအချင်းအရာကို အနော်ရထာမင်း ကြားသိသော် ဘုရားမုတ်ကို အရှေ့ သျှမ်းပြည်ဖက်သို့ လှည့်ထားလျှင် စောမွန်လှကို သတ်ခဲ့။ ငါစိုးစံရာ အနောက်ဖက် ပုဂံပြည်ဖက်သို့ လှည်ထားလျှင်၊ အသက်ချမ်းသာစေဟု မင်းချင်းများကို စေလွတ်လိုက် လေသည်။ မင်းချင်းတို့ ညအခါ ရောက်လာရာ မင်းသမီး စောမွန်လှက တန်စိုး လက်ဆောင်ပေး၍ အကြောင်းကို မေးမြန် သိရသော အခါမှ။ ၎င်းညတွင်းပင် မိမိ၏ ကုသိုလ်တို့ကို အောင်မေ့ခါ နတ်ကောင်း နတ်မြတ်တို့ကို တိုင်တည် အဓိဋ္ဌာန်ပြု၍ မြစီသော ရွှေဖျင်တဘက်ဖြင့် ဘုရားစေတီ ကိုပတ်ချည်၍ လှည့်လေရာ ဘုရားလည်၍ မုတ်ဝ အနောက် ဖက်မကျ အရှ့ဖက်မကျ (သျှမ်းပြည်မကျ မြန်မာပြည်မကျ) သို့ရောက် လေသည်။ နံနက်လင်း၍ မင်းချင်းတို့ မြင်ရသော စောမွန်လှ ကိုချမ်းသားပေး၍ ပုဂံသို့ ပြန်ကြ လေသည်။ ( စောမွန်လှ နားတောင်း ကျခဲ့ချောင်းကို အခုတိုင် နားတောင်ကျချောင်းဟု ခေါ်ကာ စောမွန်လှ နားတောင်းအား စာပတီးငှက်များ ခြံရံနေခြင်းကြောင့် ထိုနားတောင်းဖြင့် တည်သော စေတီတော်အား ရွှေစာရံဘုရား ဟု ယခုထက်တိုင် ကျော်စောလှပေသည်။) ထိုအချင်းရာကို အနော်ရထာမင်း ကြားသိရသော ကျေနပ်ဝမ်းမြောက် သည်နှင့်အညီ ၎င်းဘုရား ပတ်လည်တွင် မြေတာ- တစ်ထောင် လှူတော်မှုသည် (နောင်အခါ၊ ပုဂံ- အလောင်းစည်သူမင်းက မြေထပ်၍ လှူတော်မှုသည်။ နောက်အင်းဝ- မိုးညှင်းမင်းတရာကြီး “သီရိတြိဘ၀နာဒီတျာ ပ၀ရပဏ္ဍိတ ဓမ္မရာဇာ” ဘွဲ့ခံ မိုးညှင်းသတိုး(၇၈၈-၈၀၁) သံတောင် ၃၀- အထိမြင့်၍ တည်တော်မှုသည်။) စောမွန်လှမင်းသမီးလေးသည် ပြည်တော်ပြန်ခရီးကို
ဆက်လက်၍ ခရီးဆက်ခဲ့ရာ ယခုသီပေါမြို့နား အရောက် ဆားထွက်ရှိရာ အရာအရပ်၌ ကျန်ရှိသော နားတောင်းတဖက်အား ဌာပနာ၍ (၇-တောင်) အမြင့်ရှိသော စေတီတဆူကို တည်လေသည် ။ ထိုစေတီကို သျှမ်းတို့က ကောင်းမှုတော် ဟု ခေါ်သည်။ အချို့က အကြိုထောက်တဲ့(ဖခင်) ဘုရင်ကြီး စဝ်စေဟုံဖနဲ့ မောင်တော် စောနောင် တို့တွေ့တဲ့အတွက်ကြောင့် ဘော်ကြို ဘုရားဟုခေါ်သည်။ ထို့နောက် စိတ်ရော လူပါပင်ပန်း ဆင်းရဲပြီး မမာ မကျန်းတဲ့ဒဏ်ကြောင့် ကံခေလွန်းရှာတဲ့ ရှမ်းမင်းသမီးလေး စောမွန်လှဟာ သူမရဲ့ မွေးဖွားရာဇာတိ စယ်လန့်နေပြည်တော်ကိုတောင် မရောက်နိုင်ဘဲ လမ်းတစ်ဝက် သီပေါမှာတင် ကံတော်ကုန်ခဲ့ရှာပါတယ်။ ကံအကြောင်းမလှခဲ့တဲ့မင်းသမီးလေးစောမွန်လှရဲ့ကောင်းမှုတော် ထူးဆန်းဘွယ် ဘော်ကြိုဘုရားကြီးဟာဆိုရင် ဘုရားကြီး၏ ပရိဝုဏ်အတွင်း အနောက်မြောက်ထောင့်၌ ပေါက်လျှက် ရှိသော စကားပင်မှာ ဘုရား ၊စေတီ၊ အုတ်၊ ပြာသာဒ်၊ ထီးတော်၏ အမြင့်ထက်သို့ မည်သည့် အခါမျှ မြင့်တက် မသွားခြင်း၊ ဘုရားကြီး၏ အနောက်တောင်ထောင့် အရပ်တွင် စေတီတော်၏ အောက်မှ ရေစီးဆင်း နေပြီး ဆယ့်နှစ်လရာသီ ခမ်းခြောက်မှုမရှိခြင်း၊ (စေတီတော်၏ ပေ(၂ဝဝ)အကွာတွင် အုတ်ရေ ကန်လေးတစ်ခု တည်ဆောက်ထားပြီး အယားအရံ ဝေဒနာရှင်များ၊ မျက်စိဝေဒနာရှင်များ ၄င်းရေကိုချိုးခြင်း၊ မျက်စဉ်းခတ်ခြင်းဖြင့် မျက်စိဝေဒနာများ ပျောက်ကင်းခြင်း၊ ရေစင်ကို ဆောင်ကျဉ်းထားပါက လာဘ်လာဘ ကောင်းမွန်ခြင်း၊ အန္တရာယ်ကင်းခြင်း စသည်ဖြင့် မုခ်များတွင်သာ အစဉ်အမြဲ ကိန်းဝပ်စံပယ်သော ရုပ်ပွားတော် များသည် သီတင်းသုံးသည့် မုခ်များတွင်သာ အစဉ်အမြဲ ကိန်းဝပ်စံပယ်စေရခြင်း၊ ပင့်ဆောင်သည့် အခါတွင်လည်း ရှေ့နောက်တွဲစဉ် များအတိုင်း ပင့်ဆောင်ရခြင်း၊ မုခ်(၄)မုခ်တွင် ဘုရားအားမျက်နှာမူ၍ စောင့်ရှောက်နေသော ဘီလူးရုပ်တု (၅)ရုပ်ရှိခြင်း၊ (ရှေးယခင်အခါ ကအမဲသားစိမ်းများကို အပတ်စဉ် ကျွေးမွေးရခြင်း၊ ယခုအခါ ထိုသို့ မပြုလုပ်ကြတော့ပေ။) စသည့် ထူးခြားဖွယ်ရာများ အများအပြားဖြင့် ယနေ့တိုင် 
လွမ်းမောဖွယ် ရှိနေပါတော့သည်။
စောမွန်လှမင်းသမီးလေးကို လွမ်းဆွတ်ရင်းနှင့် 
စာဖတ်သူအပေါင်းတို့ မင်္ဂလာရှိသောနေ့သစ်လေး 
ဖြစ်ပါစေလို့ ဆုတောင်းရင်း .........

Tai History